ငါန်းဇွန်မြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်

ငါန်းဇွန်  ဇွန် ၂၅

၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၇နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် ဦးညွန့်မောင်(တက်နေလင်း နို့ဆီရုံ)၏ ယာမြေစိုက်ခင်းတစ်ဧကတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ဝေဆန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ နေဗီယာမြက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါတိရိစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များကို လွှတ်ကြောင်းစနစ်မှ အစာကျွေးစနစ်အဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်၌ အာဟာရကြွယ်ဝသော တိရိစ္ဆာန်အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရိစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်စေ‌ရေးတို့အတွက် နေဗီယာမြက်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ပင်ကြားတန်းကြား သုံးပေခန့်စီဖြင့် အပင်ရေ(၄၄၀၀)ပင် စိုက်ပျိုးနိုင်ပြီး ရှစ်နှစ်သက်တမ်းရှိကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ရက်(၉၀)အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင် ငါးကြိမ်ရိတ်သိမ်း ကျွေးမွေးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ တန်(၁၀၀)ခန့်အထိ ထွက်ရှိပြီး နွားကောင်ရေ(၁၅)ကောင်(သို့မဟုတ်) ဆိတ်ကောင်ရေ (၁၅၀)ကောင်အထိ အစာကို ဖူလုံစွာကျွေးမွေးနိုင်ကြောင်း ငါန်းဇွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)