ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကျင်းပ

သံဖြူဇရပ် ဇွန် ၂၅

မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၌ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးနှင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးဒေါက်တာစုစုလွင်က သားအိမ်ခေါင်းကင်ဆာရောဂါသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးရှိသောရောဂါဖြစ်ပြီး မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး အမျိုးသမီးများ နှစ်စဉ်သေဆုံးလျက်ရှိကြောင်း သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်စစ်ဆေးခြင်းဖြင့် စောစီးစွာသိရှိပြီး အအချိန်မှီကုသပါက ရောဂါပျောက်ကင်းနိုင်ပါကြောင်း ယခုအခါ အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် နိုင်ငံတော်မှလည်း စီမံချက်အနေဖြင့် ရောဂါစစ်ဆေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများမှ သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် တာဝန်ရှိသူမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)