မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစားအသောက် ဆိုင်ထိုင်ရောင်းချသည့် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပေးနှိုးဆော်

မြောက်ဥက္ကလာပ စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အစားအသောက်ဆိုင်ထိုင်ရောင်းချလျက်ရှိ သော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု တော့မည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ ညနေ (၃)နာရီက ရပ်ကွက်အတွင်း ကားဖြင့် လှည်လည့်အသိပေးနှိုးဆော်ကြေညာကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁၀၀/၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အတွင်း မှ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် လူစု လူဝေးဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန်အတွက် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် သာ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အသိပေးချက်အား  စားသောက်ဆိုင်ပိုင် ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်  မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)