နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မိုးရာသီတိရစ္ဆာန်အစာပင် (နေပီယာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲတက်ရောက်

ဥတ္တရ  ဇွန်    ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးရာသီတိရိစ္ဆာန်အစာပင် (နေပီယာ)စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဇလောင်းကျေးရွာအုပ်စု၊ နန်ချွန် ကျေးရွာရှိတောင်သူ ဦးသက်ဖြိုးဇော်၏ လယ်မြေတစ်ဧက၌ကျင်းပသည်။                   

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျွဲနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ထုတ်လုပ်မှုကောင်းသော ကျွဲ၊နွားများ ရရှိစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မျိုးကောင်း၊မျိုးသန့်များဖြင့်မေထုန်မဲ့ သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် အာဟာရပြည့်ဝသော တိရစာ္ဆန်အစာပင် (နေပီယာ) စိုက်ပျိုးကျွေးမွေးနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျွဲ၊နွားများ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့်မွေးမြူနိုင်ရေးဦးတည် ဆောင်ရွက်လျက်ရှိရာ ကျွဲ၊နွားများ၏ အစာအာဟာရအတွက် တိရစ္ဆာန်အစာပင်များစိုက်ပျိုးကျွေး မွေးနိုင်ရေးကို အထူးအလေးပေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်အောင်က မိုးရာသီတိရစ္ဆာန်အစာပင် (နေပီယာ) စိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင်ထွန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံတိရစ္ဆာန်ကျန်းမားရေးလုပ်သားများနှင့်ကျေးရွာပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)