ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးသင်တန်းဆင်းပွဲ ကျင်းပ

ပုဗ္ဗသီရိ   ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ဆင်းပွဲ” ကို  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန၊ နေပြည်တော်ယာဉ်မောင်း စစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူး(စီမံရေးရာဌာန) ဦးအောင်ကျော်မိုးက အမှာစကားပြောကြားရာတွင် “ဝန်ထမ်းများအားလုံး သင်တန်းမှရရှိသော အသိပညာဗဟုသုတများဖြင့် ပြည်သူကို ပိုမို ကောင်းမွန်သောဝန်ဆောင်မှုပေးရန်၊ နံနက်ရုံးတက်ချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး မင်္ဂလာပါဟု နှုတ်ခွန်းဆက်၍ ပြုံးရွှင်ယဉ်ကျေးစွာ  ပြုမူပြောဆို ဆက်ဆံကြရန်၊ ယခုသင်တန်းစာများအား နားလည်သဘောပေါက်ပြီး နှလုံးသွင်း ဆင်ခြင်၍ ပြည်သူအား စိတ်ကျေနပ်မှုနှင့် စိတ်ချမ်းမြေ့မှုရရှိစေရန် ဝန်ထမ်းတိုင်းက အကောင်းဆုံးဝန်ဆောင်မှုပေးကြရန် ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့ဆက်ဆံရေးသင်တန်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် နေပြည်တော် တိုင်းရုံးတို့မှ ဝန်ထမ်း ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင်  ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့်အခြေအနေအရပ်ရပ်၊ မေတ္တာအပြုံးနှင့်ဂရုဏာနှလုံးသား ၊ ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စုတို့ကို သင်ကြားပေးခဲ့ကြောင်း နေပြည်တော်ဦးစီးမှူး ထံမှသိရသည်။

မျိုးသီဟ(ပြန်/ဆက်)