ပျဉ်းမနား ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များ အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးဖွင့်လှစ်ခဲ့သည့် e-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် e-Library Management System Software ရေးဆွဲအသုံးပြုနိုင်ရေးအတွက် အချိန်ယူစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ အချိန်တွင် ခရိုင်နှင့် မြို့နယ်များမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်များမှာ စာကြည့်တိုက်လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား e-Library Management System Software အသုံးပြုနည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ သမားရိုးကျစနစ်ဖြင့် ယခင်က လုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်းတွေကို Software အသုံးပြုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်ကြားခဲ့ရသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချကြရမှာဖြစ် သလို မိမိရုံးရှိ အခြားဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေ ဆောင်ရွက်ပေးကြရန်လိုကြောင်း သင်တန်း ဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်က လက်ခံရယူသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင် နေကြသည့် ဝန်ထမ်း(၃၁)ဦးတို့တက်ရောက်ခဲ့ကြပြီး ဇွန်လ(၂၀)ရက်နေ့မှ(၂၄)ရက်နေ့အထိ e-Library Management System Software အသုံးပြုနည်း ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)