ပင်လောင်း ဇွန် ၂၅
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဝါးလီကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲပြုလုပ်ရာ၌ အထက ပင်ခွန်တွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီ၊ အထက(ခွဲ) ဝါးလီကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဇာဝင်းတို့က ဟောပြောပွဲအသီးသီးတွင် အမှာစကားပြောကြားကြပြီး၊ ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးခွန်ရဲမင်းပိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ ဦးစီးအရာရှိဦးထွန်းလင်းက မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း ဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ခင်းကျင်းပြသသည့် မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး