လှိုင် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ရဲအောင်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ရိုက်ကူးရခြင်းဖြစ်ကြောင်း ဆွေးနွေးကာ စာရေးဆရာဦးမင်းဆက်ပိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများ စသည့် အခြားအသိပညာဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိပြီး လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Hlaing Facebook Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)