ကျောက်တံတား ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ “အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရွှေဇင်ခိုင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးကို မသုံးမိစေရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်များမဖြစ်စေရန်၊ ကျောင်းစာများအပြင် အပြင်ဗဟုသုတများပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီမြှင့်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ်ရုံးတွင်ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အထိမ်းအမှတ်နေ့ကြီးရက်ကြီးများတွင် ပြပွဲပြိုင်ပွဲ၊ ဆွေးနွေးပွဲများနှင့် Talk Show များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)