ပင်လုံမြို့အဝင်ဂိတ်တွင် ပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် digital စက်ဖြင့် ကျန်းမာရေးစစ်ဆေးပေး

ပင်လုံ    စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လုံမြို့ ဝမ်အင်အမက ကျောင်းရှိ မြို့အဝင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်အား ၂၇-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ ပြန်လည် ဖွင့်လှစ်ကာ ပင်လုံမြို့သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ် များပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည်များအား နှာခေါင်း စည်း Mask များတပ်ဆင်စေခြင်း၊ စနစ်တကျလက်ဆေးစေခြင်း၊ လူစု လူဝေး ရှိသည့်နေရာများသို့ သွားလာ ခြင်းမှ ရှောင်ကြဉ်နိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးစစ်ဆေးဂိတ်၌ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုကော်မတီမှ AUTOMATIC TEMPERATURE DETECTOR စက်တစ်လုံးအား ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းပေးခဲ့ပြီး ခရီးသွား ပြည်သူ များအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်‌ရေး အထောက်အကူပြုကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အရပ်ဖက် လူမှုကူညီရေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ