စမ်းချောင်း ဇွန်၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ(၂)နာရီက စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးတို့က မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေး အသုံးပြုခြင်းကြောင့် ခံစားရသော နောက်ဆက်တွဲဆိုးကျိုးများကို လူငယ်များမူးယစ်နွံထဲ မကျရောက်စေဖို့ အသိပညာပေး ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံး ဝန်ထမ်းများက ပြည်သူများထံသို့ ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ ကလေးများအတွက်ပုံပြင်များ၊ စာအုပ်မိတ်ဆက်ခြင်းများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း