ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြခန်းနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

ဆီဆိုင် ဇွန် ၂၅

မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ဟောပြောပွဲ၊ ပြခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသရခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ အခမဲ့လာရောက်ငှားရမ်းနိုင်ကြောင်း ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးနံရံကပ်စာစောင်များ၊ ဓါတ်ပုံများ၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့်ဆိုးကျိုးအန္တရာယ်များ၊ ဆေးလိပ်အန္တရာယ်၊ ကွမ်းစားခြင်း၏ ဆိုးကျိုးများနှင့် သုတ/ရသစာအုပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုမှတ်သားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရုံးချုပ်မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)