မိုးညှင်းမြို့တွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုးညှင်း ဇွန် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ အများဆုံးဖြစ်ပွားတတ်သည့် ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း ဖွဲ့စည်းထားရှိသည့် ကော်မတီအဖွဲ့များကို လိုက်လံကြီးကြပ် ဆောင်ရွက်နိုင်ရေး ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား အဖွဲ့ကိုယ်စီများဖြင့် ခွဲဝေချထားနိုင်ရေး အတွက်ကိုလည်းကောင်း၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များအတွင်း ရေများဝင်ရောက်နိုင်သည့် မြေနိမ့်ပိုင်းနေရာများတွင် လိုက်လံကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များ ခွဲဝေချထားမှု အခြေအနေများကိုလည်းကောင်း ပြောကြားသည်။

ထို့နောက် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စီစဉ်ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)