မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးစားပွဲတင် တင်းနစ်ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိုးညှင်း ဇွန် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး စားပွဲတင်တင်းနစ်ဗိုလ်လုပွဲနှင့် ‌ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ်အသီးသီးမှ ကျောင်းသားကျောင်းသူများအား အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံများဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဓာတု‌ဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွား‌ရေးပညာဌာနများမှ ကျောင်းသားကျောင်းသူ (၃၂)ဦးအား ပါဝင်ယှဉ်ပြိုင်ကစားကြရာ ပထမ၊ ဒုတိယ၊ တတိယဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)