ဂွ ဇွန် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်ကမူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးများအကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိမည့် ဆိုးကျိုးများ၊ ကြိုတင်ကာကွယ်ရှောင်ကြဥ်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ပေးထားမှုများကို စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်