ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ကျောက်တန်း စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်က မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ ရေလယ်ဘုရားရှေ့၊ ကျောက်တံတားဇက်ဆိပ်နှင့် ကျောက်မ ရဲဇက်ဆိပ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများ အနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ထွက်ခွါတိုင်း  Mask တပ်ဆင်ရေး၊ မဖြစ်မနေသွားလာရ မည်ဆိုပါက မိသားစုတစ်စုလျှင်(၁)ဦး သာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သ ၍ ရှောင်ကျဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာ ဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး (သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိ ပညာပေးပြီး Mask တပ်ဆင် အသုံးပြုခြင်း မရှိသူများကို Mask(၁၀)ခု (၅၀၀)ကျပ်ဖြင့်  အခုဝယ် အခုတပ်စနစ်ဖြင့် တပ်ဆင်အသုံးပြု ရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့များသည် မြို့မဈေးအတွင်း ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ညှွန်ကြား ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ရက်တွေမှာ လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)