အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေး ပြပွဲ၊ ပြိုင်ပွဲ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါး အန္တရာယ်လျော့ချရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးရေး၊ နံရံကပ်ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊အ.ထ.က(၆) ကျောင်းရှိ ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ရဲချုပ် ဦးစိုးဝင်း(အငြိမ်းစား)က အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း(ဗဟို) အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးမြင့်ခိုင်က ဥပဒေပိုင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ တရားသူကြီး ဦးရဲနိုင်သန်းက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးမှုခင်းနှင့် ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဦးက ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များကို လည်းကောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ချက်များကို လည်းကောင်း၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဘိုကြည်က မြို့နယ်အတွင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးပြောကြားခဲ့ရာ အင်းစိန်မြို့နယ်၊ အ.ထ.က(၆)ကျောင်းမှ Garad-11 ကျောင်းသား မောင်အေးချမ်းမောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံကပ်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြရာ အဆိုပါပွဲများ ကျင်းပရခြင်းအားဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ သိရှိစေရန်၊ မူးယစ်ဆေး၏ သားကောင်းမဖြစ် ပေါ်စေရန်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)