မိုင်းဆတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက အ.ထ.က(မိုင်းဆတ်)မြတ်ပညာခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့်၍ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်လင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၉)မှ ဒုရဲအုပ်ဝေဖြိုးဦးက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်မှုလျော့နည်းစေရေးနှင့် စပ်လျဉ်းသည့်အကြောင်းအရာ များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကောင်း ထက်မင်းက မူးယစ်ဆေးဝါး၏ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ဥပဒေနှင့် မူးယစ်တပ်ဖွဲ့စိတ်(၂၉)မှတာဝန်ရှိသူတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်က အသိပညာပေးဟောပြောချက်များကိုမေးမြန်းရာ ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် အ.ထ.က(မိုင်းဆတ်)ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်၊ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်၊ မြို့နယ် ဥပဒေအရာရှိ ဦးထက်ပိုင်လင်းနှင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃) မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းတို့က အသိပညာပေးဟောပြောချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)