သီပေါမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

သီပေါ ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်၁၁နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိဒေါ်ခင်နီလာစိုးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ် လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ စီးပွားရေးဆိုင်ရာဆိုးကျိုးများ၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်း စသည့်မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်သောအသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများအား ပြသဆောင်ရွက်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)