မုဒုံ ဇွန် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြို့မ (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်းသစ်ရပ် စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းလူမှုဆက်ဆံရေးမှူး ဒေါ်ဆွေဆွေလွင်က တစ်ကိုယ်ရေ သန့်ရှင်းရေး ကျန်းမာရေးဆိုင်ရာများအကြောင်း၊ သွား နှင့်ခံတွင်း သန့်ရှင်းရေးအကြောင်း၊ သွေးလွန်တုတ်ကွေး ရောဂါများအကြောင်းနှင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ် (၉)ရပ် အကြောင်းများကို ပြောကြားသည်။ ထို့နောက် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက ဆိုးဆေးပါသော အစားအစာများအကြောင်း၊ အဟာရဖွံ့ဖြိုးမှုရှိစေရန် နေထိုင်စား စားသောက်ရမည့် အစားအစာများအကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၄)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)