ပျဉ်းမနား ဇွန် ၂၄
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကေျာင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၀၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)