ကျောက်မဲမြို့နယ် ၊ ခိုမုန်းကျေးရွာတွင် တိရစ္ဆာန်အစာ မွန်ဘားဆားမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ကျောက်မဲ ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ မွေးမြူရေးတောင်သူ ၊ဦးသန်းအောင်၏ မြေ (၁ )ဧကတွင် တိရစ္ဆာန်အစာ မွန်ဘားဆားမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပသည်။

ရှေးဦးစွာ ကျောက်မဲခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဒေါက်တာစိုးနိုင်ဝင်းက တိရစ္ဆာန်များ လွတ်‌ကျောင်းမွေးမြူရေးစနစ်မှ  ခြံလှောင်မွေးမြူရေး စနစ်သို့ ပြောင်းလဲပြီး ရိတ်သိမ်းသိုလှောင် ကျွေးမွေးသည့်စနစ်သို့ ပြောင်းလဲရန်၊ အာဟာရဓါတ် ပြည့်ဝစွာပါဝင်သည့် မြက်မျိုးများကို စိုက်ပျိုးကျွေးမွေးခြင့်ဖြင့် ကျွဲ၊ နွားများ  ကြီးထွားမှု မြန်ဆန်ပြီး ဈေးကွက်သို့ မြန်ဆန်စွာပို့ဆောင်နိုင်ရန်၊ အစာကျွေးသည့်စနစ် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အဆိုပါမွန်ဘားဆားမြက်ကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးညွှန့်ရွှေ၊ ခရိုင်/မြို့နယ် လယ်ယာ‌မြေ စီမံခန့်ခွဲရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မွေးမြူရေးလုပ်ကိုင်သူများ တက်‌ရောက်ခဲ့ပြီး မွန်ဘားဆား မြက်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့‌ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)