ကျောက်ဆည်မြို့တွင် စပါးမျိုးစေ့ပက်ကျဲစိုက်ခင်းများ၌ ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်၊ ကြားပေါင်းလိုက်ကိရိယာအား စပါးစိုက်တောင်သူများအား သရုပ်ပြ

ကျောက်ဆည်၊ စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန့်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)မှ စပါးမျိုးစေ့ပက်ကျဲစိုက်ခင်းများအတွက် တီထွင်ထုတ်လုပ်ထားသော ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်ကြားပေါင်းလိုက်ကိရိယာအား ယနေ့နံနက် (၈) နာရီက ရဲမအူကျေးရွာ တောင်သူဦးမင်းအောင်၏ ကွင်းအမှတ် (၂၈၅) ရှိစနစ်တကျလယ်မြေ (၁၀) ဧက စပါးစိုက်ခင်းများတွင် သရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ ကျောက်ဆည်မြို့နယ်က တစ်ချို့စပါးစိုက်တောင်သူတွေက အကြောင်းအမျိုးမျိုးကြောင့် စပါးစိုက်ရာမှာ ပျိုးထောင်ပြီးပြောင်းရွေ့စိုက်ပျိုးခြင်းတွေမလုပ်ကြတော့ဘဲ တိုက်ရိုက်မျိုးစေ့ပက်ကျဲစနစ်နဲ့ စိုက်ပျိုးကြပြီး တစ်လခွဲသား အရွယ်ရောက်မှ ထွန်တိုက်ပြီးသားခွဲခြင်း၊ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ကြတယ်။ ထွန်တိုက်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ စပါးစိုက်တန်းတွေကောင်းကောင်းမပေါ်တော့ စပါးထွက်နှုန်းကြဆင်းမှုတွေနဲ့ ကြုံနေရတယ်။ ဒါကြောင့် စပါးထွက်နှုန်းမြင့်တက်လာအောင် ကျွန်တော်တို့ဌာနကနေ ထွန်စက်နဲ့တွဲဖက်အသုံးပြုရတဲ့ စိုက်တန်းဖော်၊ ကြားပေါင်းလိုက်စက်ကို တီထွင်ထုတ်လုပ်ပြီး တောင်သူတွေကို လက်တွေ့သရုပ်ပြတာပါ "ဟု မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးကျော်စိုးက ရှင်းလင်းပြောပြသည်။

အဆိုပါ စိုက်တန်းဖော်ကြားပေါင်းလိုက်ကိရိယာသည် တိုက်ရိုက်ပက်ကျဲစပါးခင်းများတွင် အသုံးပြုခြင်းအားဖြင့် စပါးခင်း(၁) လခွဲသားအရွယ်တွင် ပေါင်းသတ်ဆေးဖျန်းခြင်း၊ ပေါင်းနုတ်စရိတ်များနှင့် ထွန်တိုက်သားခွဲခြင်းစရိတ်များ သက် သာခြင်းအပြင် စပါးခင်းများပြုစုရာတွင် အချိန်ကုန်သက်သာစေခြင်း၊ စပါးပင်များ စိုက်တန်းပေါ်ကာ လေဝင်လေထွက်ကောင်းပြီး မြေသားများဆွပြီးသားဖြစ်ကာ အပင်ဖြစ်နှုန်းမြန်ပြီး အထွက်နှုန်းပိုမိုထွက်ရှိလာမည် ဖြစ်ကြောင်းလည်း သိရှိရကာ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဒေသခံစပါးတိုက်ရိုက်မျိုးစေ့ပက်ကျဲ တောင်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရှိရသည်။

 သက်မောင်(ကျောက်ဆည်)