စမ်းချောင်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက လူငယ်များအနေဖြင့် အနာဂါတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနဲ့လူမျိုးအကျိုးအတွက် သယ်ပိုးဆောင်ရွက်သွားကြရမည်ဖြစ်၍ ရည်မှန်းချက်ရှိကြရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြရန်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်၊ ကျန်းမာရေးကောင်းရန်၊ ကြီးပွားချမ်းသာခြင်း၏ လမ်းစကိုသိရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ကြစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြစေရန် တိုက်တွန်းဟောပြောသည်။
ဆက်လက်၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ခရိုင်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ငွေက စာသင်ကျောင်းများမှ တစ်ဆင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေဖို့ ကျောင်းများ၌ ပြသထားရှိသည့် ပညာရေးဆိုင်ရာ အဆိုအမိန့်များ၊ ဆောင်ပုဒ်၊ ဦးတည်ချက်၊ မျှော်မှန်းချက်များကို ဖတ်ရှုနားလည် သဘောပေါက်စေပြီး လိုက်နာကျင့်သုံးကြစေလိုကြောင်းနှင့် စိတ်ဓာတ်ကောင်း စည်းကမ်းကောင်းသည့် လူကောင်းလူတော်များ ဖြစ်ထွန်းလာပြီး တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းဟောပြောသည်။
ယင်းနောက် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် မြို့နယ် (အား/ကာ)မှူး ဦးမျိုးမင်းသန်းက ကျန်းမာကြံ့ခိုင်သည့် ကိုယ်လက်အားကစားများကို လူငယ်အရွယ်မှ စတင်ကာ နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြစေပြီး ဘဝအတွက် တိုးတက်ကောင်းမွန်သည့် ကျန်းမာခြင်းနည်းလမ်းများနှင့်အညီ နေထိုင်ကြစေလိုကြောင်း၊ ထို့ပြင် မိမိဝါသနာပါရှိသည့် အားကစားနည်းများကို ငယ်စဉ်ကပင် ကျွမ်းကျင်သည့်အဆင့်အထိ လေ့ကျင့်ကာ မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်နိုင်ရန် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်း ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း