မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀၀ စိုက်ပျိုးသွားမည်

မိတ္ထီလာ  ဇွန် ၂၄

 မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧကအထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့် သီးနှံမှာ ဝါသီးနှံဖြစ်၍ ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံတောင်သူလယ်သမားမှာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါ အထူးဇုံများ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံကို အိုင်ကြီးလည်ကျေးရွာတွင် ဧက ၅၀နှင့် ရေချိုကျေးရွာတွင် ဧက ၅၀တို့ကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ချည်မျှင်ရှည်ဝါအထူးဇုံ စိုက်ပျိုးမည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝါ စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် မျိုးစေ့အရည် အသွေး ထိန်းသိမ်းခြင်း နည်းပညာများ၊ သိပ္ပံနည်းကျဝါစိုက်ပျိုးခြင်းစနစ်၏ အဓိကသော့ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ထယ်ရေး ပြုပြင်ရေး၊ တစ်ကျင်း ၂ ပင်နှုန်းဖြင့် သားခွဲရေး၊ စုပ်ပိုးဒဏ်ကြိုတင်ကာကွယ်ရေးနှင့် ကျရောက်လာပါက နှိမ်နင်းခြင်း၊ ကြာပေါင်း မဖြစ်မနေလိုက်ရန်နှင့် စိမ့်မြောင်းများ စနစ်တကျ တူးဖော်ရန်စသည့် အချက်များအား အထူးဇုံစိုက်ပျိုးမည့် ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ချည်မျှင်ရှည် ဝါအထူးဇုံစိုက်ပျိုးမည့် တောင်သူများအား ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် လူးနည်ဆေးတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)