မိုင်းဖြတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလ မွန်က မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးမှု ကြိုတင်ကာကွယ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ်မင်းဗိုလ်ဦးက မူးယစ်ဆေးဝါးသမိုင်းအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ သုံးစွဲသူ၏ကျန်းမာရေးလက္ခဏာများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲအုပ်မိုးကျော်လွင်က မိုင်းဖြတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား “သတင်းစကား” လက်ကမ်းစာစောင်များ၊ မူးယစ်ဆေး ဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး