တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ ကျင်းပ

တာမွေ ဇွန် ၂၄

“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ အခမ်းအနားကို တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုး​အောင်က “ယနေ့ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်၍ နည်းလမ်းအမျိုးမျိုးဖြင့် လူငယ်ထုအကြား ပြန့်နှံ့ရောက်ရှိနေပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်အမြစ်များ ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူငယ်များ၏ဘဝ၊ ရည်မှန်းချက်ပန်းတိုင်များ မပျက်စီးစေရေးအတွက် နိုင်ငံတော်နှင့်အတူ ပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ချေမှုန်းကြဖို့ အထူးမှာကြားလိုပါကြောင်း၊ လူငယ်များအနေဖြင့်လည်း မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနားလည်ပြီး မိမိမိသားစုနှင့် မိမိပတ်ဝန်းကျင်သာမက နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ မူးယစ်ကင်းစင်သော လူငယ်များအဖြစ် နေထိုင်သွားကြဖို့ အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးစခန်းများတွင် မူးယစ်ဆေးဖြတ်ပြီးသူ လူနာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်း၊ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်နှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းတို့က မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်း၊ဆေးလိပ်/အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ရာဇာတို့၏ လူငယ်ထုအတွင်းသို့ နည်းအမျိုးမျိုးဖြင့် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေမှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဖြတ်လူနာများအား ဆေးကုသမှုပေးနေမှုများနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် HIV/ AIDS ​ရောဂါအကြောင်း စသည်ဖြင့် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြော ခဲ့ကြသည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့ကြ သူများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် များနှင့် စာအုပ်စာပေများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မေတ္တာစံအိမ်သင်တန်းကျောင်းမှ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)