သိန္နီ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကလေးငယ်များ ဉာဏ်ရည်မြင့်မားဖွံ့ဖြိုး တိုးတက်ရေး၊ အနာဂါတ်တိုင်းပြည် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သော လူရည်ချွန်များ ပေါ်ထွန်းလာရေးအတွက်ရည်ရွယ်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
“ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ယှဉ်ပြိုင်သည့် အလေ့အထကောင်းများရရှိစေရန်၊ ကလေးများ၏ ရွှင်လန်းတက်ကြွသည့် စိတ်ဓါတ်များ ဖွံ့ဖြိုးလာစေရန်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း” မြို့နယ် ဦးစီးအရာရှိ ဒေါ်ဉမ္မာချိုက ရှင်းလင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀) ဦးက ဝင်ရောက်၍ယှဉ်ပြိုင်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပြိုင်ပွဲများကို ကျင်းပပေးမည်ဖြစ်ရာ ဝါသနာပါသော ကလေးငယ်များအနေဖြင့် အားကစားနည်းများနှင့် ဉာဏ်စမ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်းလည်း မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။
စောဉမ္မာ(သိန္နီ)