ပင်းတယ ဇွန် ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အ.လ.က(ခွဲ) ကျောက်စု စာသင်ကျောင်းခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ အခမ်းအနား အားယမန့်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးနှင့် ရလဒ်များ အား ပြောကြားပေးပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝဘေးအန္တရာယ်ကျရောက်လာပါ ဆောင်ရန်၊ ရှောင်ရန်နှင့် သိမှတ်ဖွယ်ရာများ ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)