မိုင်းပျဉ်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ နှာခေါင်းစည်း (Mask)များနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းတို့ကို မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက်၈နာရီက မြို့တွင်း လူသွားလမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ဆက် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် ရောဂါကူးစက် ပျံ့နှံ့မှု ကိုထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေးရှောင်ကျဉ်ကြရန်၊ နေအိမ် ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့် စနစ်တကျစက္ကန့် ၂၀ ခန့်ကြာအောင် ဆေးကြောသန့်စင်ကြရန်၊ ကိုယ်အပူ ချိန်မြင့်တက် လာပါက စိုးရိမ်မှုမရှိစေပဲ နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးပြသပြီး ကုသမှုခံယူကြရန် အသိပေးနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ထို့အပြင် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း မရှိသူများကို အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်ပါ အသိပညာ ပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)