ပန်းဘဲတန်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ “အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉:၃၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းပတ်ဝန်းကျင်တွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲသူများ၏လက္ခဏာများ၊ မူးယစ်ဆေး သုံးစွဲခြင်းဖြင့်ရရှိလာမည့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ မူးယစ်နွံထဲမရောက်အောင် ဆေးလိပ်၊ အရက်စသည်များကို လက်တည့်စမ်း၍ မသုံးစွဲရန်၊ မူးယစ်ဆေးဝါးကိုဝေးဝေးမှ ရှောင်ရှားရန်စသည်ဖြင့် အသိပညာပေး ဟောပြော ခဲ့သည်။
ယခုလိုဟောပြောပွဲ ဆောင်ရွက်ခြင်းမှာ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မူးယစ်ဆေးအန္တရာယ်ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကာကွယ်တားဆီးနှိမ်နှင်းရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)