စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

စဉ့်ကူး    ဇွန်    ၂၄

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုးက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)