မြစ်သား၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မြစ်သားမြို့ မြို့အဝင်/အထွက်ဂိတ်များဖြစ်သော ဂိတ် (၁) ဘိုးဘွားရိပ်သာအနီး၊ ဂိတ် (၂) ရွှေပေါ်ကုန်းဘုရားအနီး၊ ဂိတ် (၃) စမာမောင်းတံ၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးကာကွယ်ထိန်းချုပ်ရေးအတွက် မော်တော်ယာဉ်များအားစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈နာရီအချိန်မှစတင်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြစ်သားမြို့အတွင်း ဝင်ထွက်သွားလာနေသောမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ခရီးသွား မှတ်တမ်း များရယူခြင်း၊ ယာဉ်မောင်း သူများနှင့် ယာဉ်နောက်လိုက် များအား Mask များတပ်ဆင်ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ခရီးသည်တင် မော်တော်ယာဉ်များပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည်များအား Mask တပ်ဆင်ခြင်း ရှိ/ မရှိစစ်ဆေးခြင်း၊ Mask တပ်ဆင်လာ ခြင်းမရှိသည့် ခရီးသွားများနှင့် ယာဉ်မောင်းသူများအား Mask များဝယ်ယူ၍တပ်ဆင်စေခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြစ်သားမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းဦးဆောင်ကာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပူးပေါင်း၍စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန် (မြစ်သားပြန်/ဆက်)