မြစ်ကြီးနားမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူတောင်သူများအတွက် ရွှေအိုက်ရပ်ကွက်အတွင်း မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုး

မြစ်ကြီးနား ဇွန် ၂၄

ကချင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ရွှေအိုက်ရပ်ကွက်အတွင်းရှိ တောင်သူဦးနိုင်လင်းထွန်း၏ ယာမြေ (၁)ဧက ပေါ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီ တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲတွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုပေါင်း၍ မိုးရာသီ တိရစ္ဆာန်အစာ နေဗီယာမြက်ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိရစ္ဆာန်အစာပင်ကို ကိုယ်တိုင်စိုက်ပျိုးခြင်းအားဖြင့် မွေးမြူရေးလုပ်ငန်းတွင် ကျွဲ၊ နွား တိရစ္ဆာန်များအား အာဟာရတန်ဖိုးမြင့်မားသော အစာကို ကျွေးမွေးနိုင်ခြင်းကြောင့် ကြီးထွားနှုန်း မြင့်မားလာစေခြင်း၊ ထုတ်လုပ်မှုကောင်းစွာ ရရှိစေခြင်း၊ အစာကုန်ကျစရိတ် သက်သာစေသည့်အပြင် ဖူလုံလောက်ငှမှု ရှိလာစေခြင်းအတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ဝန်ထမ်းများက တောင်သူ များအား အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ တိုးတက် မြင့်မားလာစေရေး စိုက်ပျိုးရေးသိပ္ပံကျောင်း (မြစ်ကြီးနား)ဝင်းအတွင်း မြေ (၅)ဧကပေါ်တွင် မွေးမြူရေးသရုပ်ပြသုတေသန မျိုးထိန်းမျိုးဖြန့်ခြံအဖြစ် နွားနှင့် ဆိတ်မွေးမြူရေးခြံ တည်ဆောက် လျက်ရှိသည့်အပြင် ကျန်မြေကွက်လပ်တွင် တိရစ္ဆာန်အစာ နေဗွီယာမြက်(၁)ဧကနှင့် အခြားမြက်မျိုး များကိုလည်း စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး အဆိုပါ တိရစ္ဆာန်အစာမြက်ပျိုးပင်များကို မွေးမြူရေး လုပ်ကိုင်သူများထံ ဖြန့်ဝေပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရှိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)