ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်

ဟိုပန်   ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၃၅)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က  ကျောင်းသား/သူ များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကိုသိရှိကြပြီး ရှောင်ရှားကြစေရန်နှင့် အသိပညာဗဟုသုတများပြည့်ဝကြစေရေး စာအုပ်၊ စာပေများအား ဖတ်ရှု့​​လေ့လာကြစေရန်တို့ကို ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဉီးမိုင်းထွန်းနောက ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ပြိုင်ပွဲတွင် ဟိုပန်မြို့နယ်အတွင်းရှိ အထက(ဟိုပန်)၊ အထက(ခွဲ)ရွှေဝါ၊ အလက(ကောင်းကော်)၊ မူလွန်(မော်ဟွေ့) ကျောင်းများရှိ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅)ယောက်က  "မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကို လည်းကောင်း၊ “ကောင်းကျိုးမပေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကို လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား ဟိုပန်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)