ဟိုပုံး ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ လုံးတန်ကျေးရွာရှိ နို့စားနွားမွေးမြူရေးတောင်သူ ဦးမိုလ်ဟန်လား၏ မြေ(၁)ဧကပေါ်တွင် မူလတိုမြက်မျိုးစိုက်ပျိုးခြင်းကို ဇွန်လ ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသီဟထွန်းမှ တိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်ဝသော တိရိစ္ဆာန်အစာများကိုလုံလောက်စွာ ရရှိနိုင်ပြီး နွေရာသီ အစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝသောတိရိစ္ဆာန် အစာကို ကျွေးမွေးခြင်းဖြင့် နို့ထွက်နှုန်း၊ အသားတိုးနှုန်း ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မွေးမြူ တောင်သူများ၏ ဝင်ငွေတိုးတက်လာနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးလာမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး မူလတိုမြက်မျိုးစေ့များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ သီဟထွန်းတို့သည် နို့စားနွားမွေးမြူရေးတောင်သူ ဦးမိုလ်ဟန်လား၏ မွန်ဘားဆားမြက်မျိုး (၄)ဧက စိုက်ပျိုးထားသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)