ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAPH)သင်တန်းများ ဖွင့်လှစ်ပေး

ကျောက်ဆည်  ဇွန်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်လျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAHP) သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲနိင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မွေးမြူထားသည့်တိရစ္ဆာန်မျိုးစုံနှင့်ပတ်သတ်၍ ကာကွယ်ဆေး ထိုးနှံခြင်းများ၊ အစာအဟာရများအတွက် Nivea မြက်စိုက်ပျိုးနည်းများ၊ တိရိစ္ဆာန်များ၏ အစားအစာရှားပါးနေချိန်တွင် တိရစ္ဆာန်အား အာဟာရဖြည့်ဆည်းပေးနိုင်သည့် မြက်ချဉ်ဖက်ပြုလုပ်ပုံအဆင့်ဆင့် နည်းလမ်းများအကြောင်း စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAHP)သင်တန်းများကို ငါးအိုးကျေးရွာ အုပ်စု၊ငါးအိုးကျေးရွာ၊ မယ်ဇယ်ပင်ကျေးရွာ အုပ်စု၊ မယ်ဇယ်ပင်ကျေးရွာ၊ လေးဆယ်ကုန်ကျေးရွာအုပ်စု၊ လေးဆယ်ကုန်နှင့်အောင်ချမ်းသာကျေးရွာ၊ သင်ပုတ် ကျေးရွာအုပ်စု၊သင်ပုတ်ကျေးရွာများတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)