ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်၍ နှာခေါင်းစည်း ၁၂၀၀၀ အခမဲ့ပေးဝေ

ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျလိုက်နာစေရေးအတွက် ရည်ရွယ်၍  ယနေ့ နံနက်က  အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်းကားများပြားသည့် ဒလသင်္ဘောဆိပ်ကမ်း၊ မြို့နယ်အတွင်းရှိ ဈေးများ အားလုံး၊ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ်တို့၌ တစ်ပြိုင်နက်တည်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်၍ နှာခေါင်းစည်းများကို အခမဲ့ပေးဝေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေချင်သူများ(ကွန်ရက်)ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ We Love Dala အဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်ရန် ခရီးသွားပြည်သူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း ၁၂၀၀၀ ကို ပေးဝေခဲ့ကြ သည်။

ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်မှုများနှင့်အတူ နေအိမ်ပြင်ပ မဖြစ်မနေ သွားလာသူများအား နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်စေရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပျံ့နှံမှု ထိန်းချုပ်ရေးကာလအတွင်း လူစုလူဝေးမဖြစ်စေ ရေးအတွက် စက်တင်ဘာ ၈ ရက်နေ့မှ စတင်၍ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအား ဆိုင်ထိုင် စနစ်ဖြင့် ရောင်းချခြင်းမပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ လမ်းဘေးဈေးရောင်းချသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ရောင်းချရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)