မောက်မယ် ဇွန်၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ဟောပြောပွဲနှင့် မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါး အန္တရာယ် ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါး သုံးစွဲလျင် ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများတွင်တွေ့ရသော အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူ လူငယ်များအား ပြိုင်ပွဲတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို မောက်မယ်အ.ထ.ကနှင့် စျေးတန်းရပ်ကွက်အ.လ.က(ခွဲ) မှကျောင်းသား/ ကျောင်းသူ(၃၂)ဦး စိတ်ပါဝင်စားစွာလာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို နေ့လယ်၁၂နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)