ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ သခွားသီးလှိုင်လှိုင်ပေါ်သော်လည်း ဈေးနှုန်းကျဆင်းနေ

ကျောက်ပန်းတောင်း၊  စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ စိုက်ပျိုးသည့် သခွားသီးများလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိုက်ပျိုးသည့် တောင်သူများ အခက်အခဲကြုံတွေ့နေရကြာင်း မုန့်ကုန်းကျေးရွာ သခွားစိုက်တောင်သူ ဦးနန်းတင်ထံကသိရသည်။

သခွားစိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာ ဖြစ်ကြသော လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ မုန့်ကုန်းကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာများသည် သခွားစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

သခွားသီးစိုက်ပျိုးရာတွင် ကိုးသုံးလုံးတံဆိပ်ဝယ်ယူစိုက်ပျိုးရကာ အစေ့တိုက်ရိုက်စိုက်ပျိုးရပြီး နှစ်ပေခြား စိုက်ပျိုးပေးရကြောင်း၊ တိုင်ထောင်စနစ်ဖြင့်စိုက်ပျိုးပြီးအပင်၏နွယ်အားတိုင်ထောင်ကာ အလျားအတန်းထားသည့်ထုတ်တန်းပေါ်ရှိစေခြင်းဖြင့် အသီးသီးစေသောစိုက်ပျိုးနည်းသခွားဖြစ်ကြောင်း၊ စိုက် ပျိုးပြီး တစ်လပြည့်လျှင် အဖူး၊ အပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အသီးစတင်ပေါ်ချိန်မှစကာ သုံးရက်တစ်ကြိမ်ဆွတ်ခူးရပြီး ရေသွင်းသည့်အခါ မြောင်းစနစ်ဖြင့်ရေသွင်းမှသာအဆင်ပြေကြောင်း၊ ရေကြိုက်သည့် သခွားမျိုးဖြစ်ပြီး သခွားသီးစတင်ပေါ်ချိန်က တစ်လုံး ၅၀ ကျပ်ရောင်းချခဲ့ရကာ သခွားစိုက်တောင်သူများ အသီးလှိုင်လှိုင်ပေါ်ချိန် တစ်လုံး ၃၀ ကျပ်သာရောင်းချရခြင်းကြောင့် စိုက်စရိတ်အရင်း အနှီးပြန်ရဖို့ပင်ခက်ခဲနေရကြောင်း လဲဂွကျေးရွာသခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြ သည်။

ထွက်ရှိလာသည့်သခွားသီးများအား ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့သွားရောက်ရောင်းချခြင်း၊ ကုန်းစိမ်းပွဲစားများ အခင်းအထိလာရောက်ဝယ်ယူခြင်းများရှိသော်လည်း သခွားသီးတစ်လုံးတစ်ရာကျပ်၊ တစ်ရာ့နှစ်ဆယ်ကျပ်ရောင်းချရမှသာ စိုက်ပျိုးစရိတ်ကာမိပြီး အမြတ်ထွက်ကြောင်း၊ တစ်လုံး ၃၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် သခွားစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က ပြောကြား၍သိရသည်။

ကိုထိန်၊KPD