စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

စမ်းချောင်း ဇွန် ၂၄

၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစာမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းက မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ ရှောင်ရှားစေလိုကြောင်း အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း လူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်နွံထဲမရောက်ဖို့ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးသုံးစွဲခြင်း၏အကြောင်း အရင်းများ၊ မူးယစ်ဆေးအသုံးပြုခြင်းကြောင့် ခံစားရသော နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကြွဆေးသုံးစွဲခြင်း၏ဆိုးကျိုးများကို နံရံကပ်စာစောင်တွင် ပြသထားပြီး စာအုပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များနှင့် အခြားသုတ/ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း