ပင်လောင်း စက်တင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခွန်မောင်ဖြူက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေက ပါတီများအနေဖြင့် မိမိတို့ မဲဆွယ်စည်းရုံးမည့်ရက်၊ နေရာ၊ အချိန် တိုက်ဆိုင်မှုမရှိစေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင် အကြောင်းကြားရန်နှင့် မိမိတို့ မဲဆွယ်စည်းရုံးအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာနိုင်ငံရေးပါတီများက သိရှိလိုသည်များနှင့် မရှင်းလင်းသည့် အချက်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပြောကြားကြပြီး ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အတွင်းမြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)