ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော် ရှေ့နေ ဒေါ်ဝင့်ဝင့်အေး၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော် တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပပြုလုပ် ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော်တရား မျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူငယ်၊ လူရွယ်များရှောင်ကြဉ်ရမည့်အချက်များ၊  မူးယစ်ဆေး ဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်တရားမျှတမှုစင်တာမှ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များအား လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြသထားရှိသော နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)