မိုင်းရှူး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းရှူးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မိုင်းရှူးမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက မြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်း သဘော တရားများကိုအသေးစိတ်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလွင်က နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ် စည်းရုံးရေး ကာလအတွင်း အများနှင့်သက်ဆိုင်သော နေရာများတွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အုပ်ချုပ်ရေး အာဏာပိုင်၏ ခွင့်ပြုချက် ရယူရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းက မဲဆွယ် စည်းရုံးရေးပိုစတာများစိုက်ထူခြင်းနှင့်ပတ်သက်၍ နိုင်ငံရေး ပါတီမ်ားမွ သိရှိ လိုက်နာ ရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ကိုယ်စားလှယ်လောင်းများ၏ အကူကိုယ်စားလှယ်များက သိရှိလို သည်များ မေးမြန်းရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အတွင်းရေးမှူး ဒေါ်မြတ်စုမွန်တို့က ပြန်လည် ဖြေကြားခဲ့ ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)