ဗန်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု

ဗန်းမော် ဇွန် ၂၄

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း အစီအစဉ်အရ စင့်ကင်ကျေးရွာ၌ တောင်သူ ဦးညီညီလွင် စိုက်ပျိုးထားသော (၁ ဒသမ ၅)ဧကရှိ ဖူးစားပြောင်း သရုပ်ပြစိုက်ကွက်အား မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအေးချမ်းမေနှင့် တောင်သူများတို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင် ဗန်းမော်မြို့နယ်၌ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရတန်ဖိုးမြှင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်စေရန် အစာရှားပါးချိန်တွင် အာဟာရတန်ဖိုးကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန် ဖူးစားပြောင်း၏ အာဟာရတန်ဖိုးမြှင့်မားပုံ၊ အာဟာရပြည့်ဝစွာ ရရှိထားသော ကျွဲ၊ နွားများအနေဖြင့် ကိုယ်ခံအားမြှင့်မားပြီး ရာသီဥတုဆိုးဝါးသည့်ဒဏ်၊ ‌ရောဂါဒဏ်များလည်း ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အေးချမ်းမေက အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)