နမ္မတီးမြို့ မြို့သစ်ကြီးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဥတ္တမမဟာထေရ်၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ အခမ်းအနားကျင်းပ

မိုးကောင်း ဇွန် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့သစ်ကြီးကျေးရွာ မြို့သစ်ကြီး ကျောင်းတိုက် ဦးစီးပဓာန နာယက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သက်တော် (၇၂)နှစ်၊ သိက္ခာတော်(၅၂)ဝါရ ဘဒ္ဒန္တမဟာထေရ်၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠနပူဇာ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို သဗ္ဇေ သင်္ခါရာ အနိစ္စာ အစချီသော (၃)ဂါထာရွတ်ဆို သံဝေဂဉာဏ်ပွား၍ ဖွင့်လှစ်ပြီး ရတနာသုံးပါး ကန်တော့ကာ နမ္မတီးမြို့ ဥတ္တရာရာမဆရာတော် ဘုရားကြီးထံ ငါးပါးသီလခံယူ တည်ဆောက်ကြသည်။

ဆက်လက်၍ မိုးကောင်းမြို့ရိပ်သာ ဆရာတော်ဘုရားကြီးက ဩဝါဒမြွတ်ကြားတော်မူပြီး မြို့နယ် သံဃာ့နာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းသဝဏ်လွှာကို မြို့နယ်သံဃာ့ နာယကအဖွဲ့ဝင် လေးမိုင်ဆရာတော်က ရွတ်ဖတ်ပူဇော်သည်။

ယင်းနောက် ဘဒ္ဒန္တဥတ္တမမဟာထေရ် ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိကို နမ္မတီးမြို့ ဗုဒ္ဓရက္ခိတ ကျောင်းဆရာတော် ဘုရားမှ ဖတ်ကြား၍ လွမ်းကာမှန်းဆတမ်းတအစဉ် လျှောက်ပန်ဆင် တေးထပ်ကို မင်းသမီးချစ်ပိုးဥမှ သီဆိုပူဇော်ပြီး နမ္မတီးမြို့ ဥတ္တရာ ရာမကျောင်းတိုက် ဦးတိလောက အရှင်သူမြတ်မှ ပစ္ဆိမဝန္ဒနာဂါထာ ရွတ်ဆိုပူဇော်သည်။

ထို့နောက် ဆရာတော်သံဃာတော်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်ဘုရားမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားချီးမြှင့်တော်မူသည်။

ရုပ်ကလာပ်တော်အား ပင့်ဆောင်ခြင်း အစီအစဉ်ကို ညနေ(၃)နာရီတွင် ဆက်လက်ကျင်းပရာ ကြေးစည်(၂)ဦး၊ သာသနာ့အလံကိုင်(၆)ဦး၊ သပိတ်တော်ကိုင်(၁)ဦး၊ သင်္ကန်းတော်ကိုင်(၁)ဦး၊ ပန်းပေါက်ပန်းကြဲဖလား (၂)လုံး (၂)ဦး၊ ဆရာတော်ပုံတော်ကိုင်(၂)ဦး၊ ဆရာတော်၏ ဆွေတော် မျိုးတော်များ၊ ရဟန်းဒါယကာ-ဒါယိကာမများ၊ လွမ်းသူပန်းခွေ ကိုင်ဝတ်အသင်းများ၊ မြို့သစ်ကြီးကျေးရွာ ရပ်မိရပ်ဖ၊ ဂေါပကအဖွဲ့၊ ရွာသူရွာသားများနှင့် ဧည့်ပရိတ်သတ်တို့က ဆရာတော် ရုပ်ကလာပ်တော်အား ကရဝိတ်မော်တော်ယာဉ်ဖြင့် လက်ဝဲရစ်လောင်တိုက်သို့ ပင့်ဆောင်ခဲ့ကြ သည်။

ဆက်လက်၍ ဥတ္တရာ ရာမကျောင်းတိုက်ဆရာတော်ဘုရားမှ ဆရာတော်၏ ရုပ်ကလာပ်တော်ကို ကရဝိတ်ဖောင်တော်မှ လောင်တိုက်ပြဿဒ်ပေါ်သို့ ပင့်ဆောင်ပြီး တပည့်ရဟန်းသာမဏေ၊ ဒါယကာ၊ ဒါယိကာမတို့ ကိုယ်စား အပြစ်ရှိက ခွင့်လွတ်တော်မူပါရန် ဝန်ချတောင်းပန်လွှာကို ဖတ်ကြားလျှောက်ထားပြီး တပည့်ရဟန်းသာမဏေ၊ ဒါယကာ၊ ဒါယိကာမ တို့က နောက်ဆုံးကန်တော့ခဲ့ကြ သည်။

သန်းလွင်ဦး(ပြန်/ဆက်)