ဒဂုံအရှေ့ ဇွန် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာ ကျောင်းများဖြစ်သော အမှတ်(၈)ရပ်ကွက် အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၁၅၅)ရပ်ကွက် အမှတ် ၂၃ မူလတန်းကျောင်း၊ ရွာသာကြီးရပ်ကွက် အမှတ် (၄) အလယ်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အဆိုပါ ဆေးထိုးနှံသည်အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိသူများကို သတ်မှတ်နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည် အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) အထိ အမှတ်(၆)အလယ်တန်းကျောင်းမှ ကျောင်းသား / သူ (၃၆၄) ဦး၊ အမှတ် (၂၃) မူလတန်းကျောင်း (၂၂၉) ဦးနှင့် အမှတ် (၄) အလယ်တန်းကျောင်းတွင် (၅၃၅) ဦး စုစုပေါင်း(၁၁၂၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)