မိုင်းပန် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လင်းခေးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် အဖွဲ့မှ နေအိမ်အပြင်ဖက်သို့ သွားလာလှုပ်ရှားနေရသော ပြည်သူများအား နှာခေါင်းစည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ လိုက်ပါဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် (၆) နာရီအချိန်မှစ၍ လူအသွားအလာများသည့် နေရာများဖြစ်သည့် ယာယီပျံကျဈေး၊ မြို့မဈေး၊ ကျိုင်းတောင်းသွားလမ်း လမ်းဆုံနေရာနှင့် တာဆန်းသွားလမ်း လမ်းဆုံ နေရာ များတွင် သွားရောက်၍ နှာခေါင်းစည်း (၆ဝဝ) ခု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီး နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင် အစောင် (၁ဝဝ) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)