ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာတွင် တိရစ္ဆာန်အစာပင် မွန်ဘားဆားမြက် သရုပ်ပြစိုက်ပျိုး

ပျဉ်းမနား ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ကံဦးကျေးရွာရှိ တောင်သူဦးဖုန်းကျော်၏  လယ်ယာမြေတစ်ဧကတွင် ယမန်နေ့ နံနက်ပိုင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် မွန်ဘားဆားမြက် သရုပ်ပြစိုက်ပျိုးခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပျဉ်းမနား​မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကိုကိုစန်းမောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံ တိရိစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ကျေးရွာပြည်သူများက တက်ရောက်ပါဝင်စိုက်ပျိုးပေးခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကိုကိုစန်းမောင်က ဒေသခံတောင်သူများအား နွေရာသီ အစာရှာပါးသည့်အချိန်တွင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အစာအဟာရ လုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေး နိုင်စေရန်၊ အစာအတွက် ကုန်ကျစရိတ်သက်သာပြီး မွေးမြူထုတ်လုပ်မှုတန်ဖိုးမြင့်မားလာကာ အမြတ်အစွန်းပိုမိုရရှိနိုင်ကြောင်း၊ ပိုလျှံသောမြက်များကိုအစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်ကြောင်း၊ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်းကြောင့် မိသားစုဝင် ငွေတိုးပွားလာ စေရန်ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)