ကျောက်တံတား ဇွန်၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲတွင် “ရှောင်လေဝေးဝေး မူးယစ်ဆေး”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများနှင့် မူးယစ်ဆေး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို စုံလင်စွာ ပြသထားကြောင်း သိရသည်။
ယခုလို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါး၏ဆိုးကျိုးကို ရှောင်ရှားနိုင်စေရန်၊ လူငယ်များ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်ပြီး လမ်းမှားမရောက်စေရန်နှင့် မူးယစ်ဆေးဝါးကို လက်တည့်စမ်းမသုံးမိစေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရှိရသည်။
ရွှေဇင်ခိုင်